Print

အသားဖြူဆေး အပိုင်း(၂)

  01-Mar-2017
Preview Image

 

အပိုင်း (၁) မှာ အသားဖြူဆေးပါဝင်တဲ့ chemicalပစ္စည်းတွေအကြောင်း ပြောပြခဲဲ့ပါတယ်။ ယခု အပိုင်း(၂) မှာတော့ သဘာဝပါဝင်ပစ္စည်းအကြောင်းကို ပြောပြပါမယ်။

 

၁။ Kojic acid

Kojic acid ဟာ ဂျပန်အရက် (Sake) ထုတ်လုပ်တဲ့အခါထွက်လာတဲ့ အပိုပစ္စည်းပါ။ Melaninထွက်တာကို တားတယ်။ Kojic acidဟာ အလွန်မတည်ငြိမ်တဲ့ ဓာတ်ပစ္စည်းဖြစ်တယ်။ နေ၊ လေနဲ့တွေ့တဲ့အခါ အရောင်ပြောင်းပြီး အာနိသင်လျော့နိုင်တယ်။ ဒါကြောင့် အလှကုန်ပစ္စည်းတွေမှာ Kojic dipalmitate အနေနဲ့သုံးတယ်။ ဒါပေမဲ့ Kojic dipalmitate ဟာ Kojic acid လောက် အာနိသင်မရှိဟု လေ့လာမှုတွေက ဆိုကြတယ်။ Kojic acid ကို ပမာဏအများကြီးသုံးရင်တော့ ကင်ဆာဖြစ်စေနိုင်တယ်လို့ လေ့လာမှုအချို့ကဆိုပြီး တချို့လေ့လာမှုတွေကတော့ အရေပြားယားယံနီရဲတာလောက်သာဖြစ်စေတယ်လို့ ဆိုကြတယ်။

 

၂။ Azelaic acid

Azelaic acid က ဂျုံ၊ ပြောင်း၊ ဘာလီစတဲ့ စပါးပြောင်းနှံမှာ အများဆုံးပါတယ်။ ဝက်ခြံကို ကုတာအတွက် အဓိကသုံးတယ်။ Creamတွေမှာ ၁၀% - ၂၀% ပါဝင်တယ်။လေ့လာမှုတွေအရ Azelaic acidဟာ Melanin ထွက်တာကို တားတဲ့အတွက် အသားညိုမည်းတာကို ကုသလို့ရတယ်လို့ ပြောကြတယ်။

 

၃။ Vitamin C

Vitamin C ဟာ ခန္ဓာကိုယ်တွင်း ဓာတ်တိုးတာကို ဆန့်ကျင်တဲ့ပစ္စည်းပါ။ ဓာတ်တိုးခြင်းဟာ အရေပြားကို အိုမင်းရင့်ရော်စေတယ်။ ထို့ပြင် Vitamin Cက အသားဖြူအောင်ပြုလုပ်ရာမှာလည်း အထောက်အကူဖြစ်စေတယ်။ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ Glutathione ပမာဏကိုလည်း များစေတယ်။ အညိုရောင်ပူးလေးတွေကို စမ်းသပ်တဲ့ လေ့လာမှုမှာဆိုရင် Vitamin C၊ Vitamin E နဲ့ L-cysteine တွေကို တပြိုင်နက်သုံးခြင်းဖြင့် ပူးလေး
တွေရဲ့အရောင်ဟာ တဖြည်းဖြည်းဖြူလာတယ်လို့ တွေ့ရတယ်။

 

၄။ Glutathione

အရေပြားကို အိုမင်းစေတဲ့ ဓာတ်တိုးပစ္စည်းတွေကို Glutathione က ကာကွယ်နိုင်တယ်။ ထို့ပြင် အသားလည်းဖြူစေတယ်။ အလှကုန်ပစ္စည်းအများစု (cream၊ ဆပ်ပြာ၊ လိုရှင်း) မှာလည်း တွေ့ရတယ်။ ထိုးဆေးအနေနဲ့လည်း တွေ့ရတယ်။ Glutathioneကို စားဆေး၊ လိမ်းဆေးအနေနဲ့ အသုံးပြုရင် စုပ်ယူမှုနည်းတဲ့အတွက် အာနိသင်သိပ်မရပါ။ ပုံမှန်ပမာဏအတိုင်းအသုံးပြုရင် အန္တရာယ်မရှိပေမဲ့ ပမာဏအများကြီးသုံးရင်တော့ ခန္ဓာကိုယ်မှာရှိတဲ့ Zinc ပမာဏကို ကျစေပြီး ဘေးထွက်ဆိုးကျိုးများကို ခံစားရမှာပါ။Glutathione ကို အသားဖြူဆေးအနေနဲ့သာမက ခုခံအားကောင်းအောင်၊ သားသမီးမရနိုင်တဲ့အမျိုးသားတွေမှာ သားသမီးရနိုင်ချေများအောင် ပြုလုပ်ရာမှာလည်းသုံးတယ်။ Vitamin C၊ N-acetyl cysteine နဲ့ Vitamin E တို့နဲ့ တွဲသုံးရင်တော့ စုပ်ယူမှုအားကောင်းပြီး အာနိသင်ပိုကောင်းတယ်လို့ ဆိုကြတယ်။ ဒါပေမဲ့ Chemical အသားဖြူဆေးတွေဖြစ်တဲ့ Hydroquinone၊ Monobenzoneတို့နဲ့ တွဲသုံးရင်တော့ ကင်ဆာဖြစ်တာ၊ အသားအရောင် လုံးဝပြောင်းသွားတာတွေ ဖြစ်နိုင်တယ်။

 

၅။ Alpha hydroxy acids

Alpha hydroxy acids ကို Chemical peeling (ဓာတုနည်းနဲ့ အရေပြားဟောင်း ခွာခြင်း) ပြုလုပ်တာမှှာသုံးတယ်။ Melanin ထွက်တာကို မတားနိုင်ပါ။ အရေပြားမှာရှိတဲ့ ဆဲလ်တွေပွားတာကို မြန်စေပြီး အရေပြားအဟောင်းကို ကွာစေခြင်းဖြင့် အသားဖြူစေတာပါ။ ကျွမ်းကျင်တဲ့ ဆရာဝန်များနဲ့သာ Chemical peeling ကို ပြုလုပ်သင့်ပါတယ်။

 

၆။ Niacinamide

Vitamin B3 ပါ။ အရေပြားနဲ့ လိင်အင်္ဂါဖြူအောင်လိမ်းတဲ့ လိမ်းဆေးတွေမှာသုံးတယ်။ အလှကုန်ပစ္စည်းကုမ္ပဏီဖြစ်တဲ့Procter & Gambleက လုပ်တဲ့လေ့လာမှုအရ Vitamin B3 ဟာဘေးထွက်ဆိုးကျိုးမရှိဟု ဆိုပါတယ်။ ဝက်ခြံကုခြင်း၊ အရေပြားရေဓာတ်ပြည့်အောင် ပြုလုပ်ခြင်း၊ မျက်နှာအရေပြားတွန့်တာ သက်သာအောင်ပြုလုပ်ခြင်းတို့မှာလည်း သုံးနိုင်တယ်။Laserနဲ့ အသားဖြူအောင်ပြုလုပ်တာဟာ ပထမဆုံးနည်းလမ်းမဟုတ်ပါ။ အလှကုန်ပစ္စည်း၊ သဘာဝပစ္စည်းများပါဝင်တဲ့ အလှကုန်ပစ္စည်းများကို စိတ်ရှည်စွာ အသုံးပြုရပါမယ်။ ချက်ချင်းအသားဖြူအောင် ပြုလုပ်လို့ရတဲ့ဆေးမရှိပါ။ အလှကုန်ပစ္စည်းများ အသုံးပြုမယ်ဆိုရင်လည်း ကြော်ငြာအားကောင်းလို့ဝယ်တာမျိုးမဟုတ်ဘဲ မိမိအသားအရည်နဲ့တည့်၊ မတည့်သေချာစမ်းသပ်ပြီးမှ ဝယ်ယူအသုံးပြုသင့်တယ်။ ပစ္စည်းကောင်း၊ ပစ္စည်းမှန်ဟုတ်၊ မဟုတ်ကိုလည်း Internetမှာရှာဖွေပြီး သုံးစွဲသူ
တွေရဲ့ ကောင်း၊ မကောင်းဝေဖန်သုံးသပ်များကို ဖတ်ရှုသင့်ပါတယ်။


Credit :
Dr.Jink



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18